ဓာတ်ပုံ - (၂၀) မဂ္ဂါဝပ် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းမှ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် ရရှိရေးနှင့် ရည်ရှည်တည်တံ့စေရေး ကြိုးပမ်းမှုကဏ္ဍများတွင် ပါဝင်အားဖြည့်နိုင်မည်။
မန္တလေး၊ မြန်မာ၊ (၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ ကြာသပတေးနေ့ – Green Power Energy – GE ၏ Build-Own-Operate (BOO) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ၂၀ မဂ္ဂါဝပ် တောင်တော်ကွင်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးအား နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် ရရှိရေးနှင့် ရည်ရှည်တည်တံ့စေရေး ကြိုးပမ်းမှုများတွင် ပါဝင် အားဖြည့်နိုင်ရန် စာမျက်နှာအသစ် တစ်ရပ်အနေဖြင့် စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါသည်။
စီမံကိန်းအား နိုင်ငံတော်၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ထုတ်လုပ်မှုကဏ္ဍ၌ ရှေ့ဆောင် လုပ်ငန်းစု တစ်ခုဖြစ်သည့် Gold Energy Company Limited (GE) ၏ လက်အောက်ရှိ လုပ်ငန်းခွဲတစ်ခုဖြစ်သော – Green Power Energy Limited (GPE) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်ပါသည်။
တောင်တော်ကွင်း နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းသည် (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလတွင် Gold Energy Company Limited (GE) လုပ်ငန်းစု လက်အောက်ခံ Clean Power Energy (CPE) မှ မန္တလေးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော (၃၀) မဂ္ဂါ၀ပ် သပြေဝ နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအလွန် ဒုတိယမြောက် စီမံကိန်း ဖြစ်ပါသည်။
တောင်တော်ကွင်း ပင်မဓာတ်အားခွဲရုံ မှတဆင့် နိုင်ငံတော်ဓာတ်အားလိုင်း (National Grid) သို့ (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့မှ ဓါတ်အား စတင်ဖြန့်ဖြူးခဲ့ပြီး ဖြစ်ရာ ယခုအခါ Gold Energy Co., Ltd လုပ်ငန်းစု၏ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု စုစုပေါင်းပမာဏမှာ (၅၀) မဂ္ဂါဝပ် နှင့် သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း အပါအဝင် စုစုပေါင်း ဓါတ်အားဖြန့်ဖြူးပေးနိုင်မှုပမာဏမှာ (၁၂၀) မဂ္ဂါဝပ်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။
ကျောက်ဆည်မြို့၏ အရှေ့တောင်ဘက် မြစ်သားမြို့နယ် တောင်တော်ကွင်းတွင် တည်ရှိသော မြေဧက ၈၀.၉ ဟက်တာပေါ်တွင် သဘာဝနေရောင်ခြည်စွမ်းအင်ကို အထိရောက်ဆုံး ရရှိစေမည့် (Photovoltaic PV- Panel) ဆိုလာပြား အချပ်ရေပေါင်း ၄၅,၉၈၀ ဖြင့် တည်ဆောက် တပ်ဆင်ထားသော ဤ စီမံကိန်းကြီးမှ နှစ်စဉ် DC ၂၅.၁ မဂ္ဂါဝပ် နှင့် AC ၂၂.၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ဓာတ်အားများကို GPE မှ သွယ်တန်းချိတ်ဆက်ထားသော ၆၉.၆ ကီလိုမီတာ အကွာအဝေးရှိသည့် ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ကျောက်ဆည်မြို့နယ်ရှိ တောင်တော်ကွင်း ပင်မဓာတ်အားခွဲရုံ မှတဆင့် နိုင်ငံတော်ဓာတ်အားလိုင်း (National Grid) သို့ရောက်ရှိစေမည် ဖြစ်ပါသည်။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်များ ထုတ်လုပ်ရာတွင် တာဝန်သိ စီးပွားရေးလုပ်ငန်း တစ်ရပ် ဖြစ်သည့် GPE သည် စီမံကိန်း ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းများအပေါ် အကျိုးသက်ရောက်မှု ကဏ္ဍများအား အထူးအလေးထားရာ ချမှတ်ထားသော မူဝါဒများအပေါ် အခြေခံပြီး ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုအကဲဖြတ်မှု (ESIA) ကို စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။
ပတ်ဝန်းကျင်ရပ်ရွာ၏ လိုအပ်ချက်များအတွက် ညှိနှိုင်းဆောင်ရွက်မှုများအပြီး ဒေသခံလူထု၏ လူမှုအကျိုးစီးပွား ပိုမိုအဆင်ပြေ အကျိုးဖြစ်ထွန်းစေရေးအတွက်နှင့် လမ်းပန်းဆက်သွယ်ရေး ချောမွေ့စေရန် စီမံကိန်း ဧရိယာဝန်းကျင်တွင် (၂၀.၁) မီတာ အရှည်၊ (၄.၅) မီတာအကျယ် Overpass တံတား (၂) စင်းကိုလည်း စီမံကိန်းကာလအတွင်း တည်ဆောက် လှူဒါန်းပေးနိုင်ခဲ့ပါသည်။
“တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကြီးကို နိုင်ငံတော်ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက် ရှေးရှုပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် များစွာ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
GPE အနေဖြင့် နိုင်ငံတော်နဲ့ ပြည်သူများအတွက် လိုအပ်နေတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စွမ်းအင်လိုအပ်ချက်တွေကို အထောက်အပံ့ကောင်းအနေနဲ့ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး၊ ယခု နေရောင်ခြည်သုံး စီမံကိန်း နဲ့ အခြားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများမှ ဖြန့်ဝေပေးလိုက်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် စွမ်းအင်တွေဟာ နိုင်ငံတော် ပင်မဓာတ်အားလိုင်းကို သွယ်တန်းချိတ်ဆက်ပေးမှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေးကဏ္ဍကိုလည်း ကောင်းစွာ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု GPE ၏ မန်းနေးဂျင်း ဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းမှ ပြောကြားသွားပါသည်။
About Green Power Energy Limited (GPE)
Gold Power Energy (GE) ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ရပ်ဖြစ်သော Green Power Energy (GPE) သည် အရေးပါသော အခြေခံအဆောက်အအုံဆိုင်ရာ လျှပ်စစ်စွမ်းအား ကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးတွင် ပါဝင်အားဖြည့် ဆောင်ရွက်နေသော လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။
တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းမှ ထွက်ရှိလာသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကို နိုင်ငံတော်ဓာတ်အားလိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တောင်တော်ကွင်း ပင်မဓာတ်အားခွဲရုံသို့ GPE မှ သွယ်တန်းထားသော (၆.၀၅) မိုင်၊ (၉.၇၄) ကီလိုမီတာ အရှည် ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ပေးထားပါသည်။ GPE သည် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များဖြင့် ပြည်သူများအတွက် လက်ငင်း အကျိုးဖြစ်ထွန်းစေမည့် မြန်မာ့စွမ်းအင် တိုးတက်ရေး ကဏ္ဍများတွင် ဆက်လက် အကျိုးပြုလျှက်ရှိပါသည်။
Leave A Comment